သွေးအားနည်းရောဂါရှိသူတွေအတွက် အာဟာရ
သွေးအားနည်းရောဂါ (Anemia) နဲ့ ပတ်သက်ပြီး ပြောပြပေးရမယ်ဆိုရင် သွေးနီဆဲလ်တွေ ပျက်စီးသွားတာ၊ ခန္ဓာကိုယ်ကနေ အလုံအလောက် မထုတ်ပေးနိုင်တာကြောင့် နောက်ဆက်တွဲ ဖြစ်လာတဲ့ သွေးရောဂါပဲ ဖြစ်ပါတယ်။ သွေးအားနည်းရောဂါ အမျိုးအစားတွေ အများကြီးထဲမှ အုပ်စုခွဲပေးရမယ်ဆိုရင် -
၁။ အာဟာရဆိုင်ရာ သွေးအားနည်းရောဂါ အုပ်စု (Nutritious Anemia)
- Vitamin B2 ချို့တဲ့ခြင်းကြောင့် ဖြစ်တဲ့ သွေးအားနည်းရောဂါ
- သံဓာတ်ချို့တဲ့ခြင်းကြောင့် ဖြစ်တဲ့ သွေးအားနည်းရောဂါ
- Folic Acid ချို့တဲ့ခြင်းကြောင့် ဖြစ်တဲ့ သွေးအားနည်းရောဂါ
၂။ မျိုးရိုးဗီဇဆိုင်ရာ သွေးအားနည်းရောဂါ အုပ်စု (Inherited Anemia)
- သွေးနီဆဲလ်ကို Sickle Cell အဖြစ် ပြောင်းလဲစေတဲ့ သွေးအားနည်းရောဂါ
- ရှားပါး သွေးရောဂါ (Fanconi Anemia)
- ရိုးတွင်းခြင်ဆီမှ သွေးနီဆဲလ် ထုတ်လုပ်မှု ဟန့်တားတဲ့ သွေးအားနည်းရောဂါ
၃။ ပုံမှန်မဟုတ်တဲ့ သွေးနီဆဲလ်တွေကြောင့် ဖြစ်တဲ့ သွေးအားနည်းရောဂါ အုပ်စု (Abnormal Red Blood Cells Anemia)
- သွေးနီဆဲလ်များ အလျင်အမြန်သေဆုံးစေတဲ့ သွေးအားနည်းရောဂါ (Hemolytic Anemia)
- ရိုးတွင်းခြင်ဆီကနေ သွေးနီဆဲလ် အလုံအလောက် မထုတ်လုပ်ခြင်းကြောင့် ဖြစ်တဲ့ သွေးအားနည်းရောဂါ (Aplastic Anemia)
- ကိုယ်ခံအားစနစ် ဖောက်လွဲဖောက်ပြန်ဖြစ်ပြီး သွေးနီဆဲလ်တွေကို ပြန်တိုက်ဖျက်တဲ့ သွေးအားနည်းရောဂါ (Autoimmune Hemolytic Anemia)
- သံဓာတ်များလွန်းပြီး သွေးနီဆဲလ် အလုံအလောက်မရှိတဲ့ သွေးအားနည်းရောဂါ (Sideroblastic Anemia)
- ရိုးတွင်းခြင်ဆီကနေ ပုံမှန်ထက် အရွယ်ကြီးမားတဲ့ သွေးနီဆဲလ်တွေ ထုတ်ပေးတဲ့ သွေးအားနည်းရောဂါ (Macrocytic Anemia)
- Hemoglobin အလုံအလောက်မရှိတဲ့အပြင် ပုံမှန်ထက် အရွယ်သေးနေတဲ့ သွေးနီဆဲလ်တွေရှိတဲ့ သွေးအားနည်းရောဂါ (Microcytic Anemia)
- Hemoglobin အလုံအလောက်မရှိတဲ့အပြင် သွေးနီဆဲလ်လည်း ပုံမှန်ထက် နည်းနေတဲ့ သွေးအားနည်းရောဂါ (Normocytic Anemia) ဆိုပြီး အုပ်စုခွဲနိုင်ပါတယ်။
သွေးအားနည်းရောဂါဟာ အမျိုးအစားတွေ တော်တော်လေးများတာကြောင့် ကိုယ့်မှာရှိတဲ့ရောဂါက ဘယ်အုပ်စုအမျိုးအစားလဲဆိုတာ အရင်ဆုံး စစ်ဆေးကြည့်ဖို့ အရေးကြီးပါတယ်။ ယေဘုယျအားဖြင့် သွေးအားနည်းရောဂါရှိသူတွေအနေနဲ့ အခုပြောပြမယ့် Diet Plan ကို သေချာလိုက်နာပေးသင့်ပါတယ်ခင်ဗျာ။
- Folic Acid နဲ့ Vitamin ဓာတ်တွေ အစုံအလင်ပါဝင်တဲ့ အစိမ်းရင့်ရောင် အရွက်တွေ များများစားပေးပါ။
- သံဓာတ်ပါဝင်မှု အားကောင်းတဲ့ အနီရောင်အသားနဲ့ ကြက်သား များများစားပေးပါ။ တိရစ္ဆာန်အသည်းတွေဟာလည်း ပုံမှန်အသားထက် သံဓာတ်ပိုပါတဲ့အတွက် စားပေးသင့်ပါတယ်။
- ခရုကမာ၊ ဂဏန်း၊ ပုစွန်တွေနဲ့ ငါးအများစု (အထူးသဖြင့် တူနာငါး၊ မက်ကရယ်ငါး၊ ဆယ်လ်မွန်ငါး) မှာ သံဓာတ်ပါဝင်တာကြောင့် ပုံမှန်စားပေးသင့်ပါတယ်။
- နို့ထွက်ပစ္စည်းတွေမှာ သံဓာတ်အလုံအလောက်ပါတဲ့အပြင် သွေးအားနည်းရောဂါကြောင့် နောက်ဆက်တွဲ အရိုးအားနည်းတာကို ကာကွယ်ပေးနိုင်တဲ့ ကယ်လ်စီယမ်ဓာတ်တွေလည်း အလုံအလောက်ပါလို့ များများစားပေးသင့်ပါတယ်။
- ပဲအမျိုးမျိုး၊ အခွံမာသီး၊ အစေ့အဆန်၊ ဂျုံနဲ့လုပ်ထားတဲ့ မုန့်တွေကိုလည်း စားပေးသင့်ပါတယ်။
- သံဓာတ်ကြွယ်ဝတဲ့ အစားအစာတွေ စားတဲ့အခါ ဒီအာဟာရဓာတ်ကို စုပ်ယူမှုအားကောင်းစေတဲ့ Vitamin C ဓာတ်ပါတဲ့ အစားအစာ၊ အသီးအနှံတွေကိုလည်း စားပေးနိုင်ရင် ပိုကောင်းပါတယ်။
- သံဓာတ်စုပ်ယူမှုကို ဟန့်တားတဲ့ ကော်ဖီ၊ ရေနွေးကြမ်း၊ ဥတွေကို လျှော့စားပါ၊ ဒါမှမဟုတ် သံဓာတ်ကြွယ်တဲ့ အစားအစာတွေနဲ့ အချိန်ခြားပြီး စားသင့်ပါတယ်။
သွေးအားနည်းရောဂါဆိုတာ ကုသလို့မရတဲ့ ရောဂါဆိုပေမယ့် သင့်တော်တဲ့ ကုထုံးတွေ၊ နေထိုင်စားသောက်မှုပုံစံတွေနဲ့ ထိန်းမယ်ဆိုရင်တော့ သာမန်လူတွေလိုပဲ ကျန်းကျန်းမာမာနဲ့ သက်တမ်းစေ့ နေနိုင်ဖို့ ကူညီမှာဖြစ်ပါတယ်။
ရဲမျိုးမြတ်